Apr 16, 2010

ဖတ်မိ ကြိုက်မိသောစာ .. "မြေစာပင်နိုင်ငံများ" မြင်းရည်တက်ဦးသာ

မိုးမခ မှ ဆောင်းပါးဖြစ်ပါသည်။ ပေါ်လစီရေးရာတွင် geopolitics အပေါ်နားလည်မှု မပါလျှင်မဖြစ်သည်မို့ အလွန်သေသပ်ပြည့်စုံစွာ နားလည်လွယ်စွာ သုံးသပ်ရေးသားထားသော ဆောင်းပါးကို မူရင်းအတိုင်း ချီးကျူး မှတ်တမ်းပြုကာ စာဖတ်သူများကို ဝေမျှလိုက်ပါသည်။

"မြေစာပင်နိုင်ငံများ" မြင်းရည်တက်ဦးသာ

“ဘာကြောင့်သမိုင်းသင်မှာလဲ”လို့ စာရေးဆရာ မောင်သာရမေးတော့ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းက “မအအောင်” လို့ ဖြေတာကို မှတ်သားဖူးပါတယ်။ ၂ဝ၁ဝ ခုနှစ်ဟာ မြန်မာ့နိုင်ငံရေးအတွက် အရေးကြီးတဲ့ အလှည့်အပြောင်းနှစ်ပါ လို့ လူတိုင်းက ပြောနေကြတယ်။ ဒီလိုကာလမျိုးမှာ သမိုင်းအချက်အလက် အဖြစ်အပျက်တွေထဲက သင်ခန်းစာရယူနိုင်ပြီး လက်ရှိအခြေအနေမှာ ဘာလုပ်သင့်တယ်ဆိုတာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ပါမှ ပြည်သူလူထုရဲ့ အနာဂတ်ဘဝဟာ သာယာလှပနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ စစ်အေးခေတ် ပုံရိပ်အချို့ကို မိတ်ဆက်ပေးချင်ပါတယ်။
တကယ်လို့များ ‘မျိုးဖြုတ်သုတ်သင်ချေမှုန်းခံရတဲ့ လူမျိုးအခြေပြ နိုင်ငံတကာအညွှန်းကိန်း’ သာရှိမယ်ဆိုရင် လာအိုက မှုန်း(Hmong)လူမျိုးတွေဟာ ရှေ့ဆုံးက တန်းစီဇယားမှာ ဖော်ပြခြင်းခံရမှာပါ။
တရုတ်ပြည်မှာ မူလအခြေချခဲ့ပြီး ယဉ်ကျေးမှုသက်တမ်း နှစ် ၄ဝဝဝ လောက်ရှိခဲ့တဲ့လူမျိုးဖြစ်ပေမယ့် ရာစုနှစ်များစွာ ကြာညောင်းခဲ့တဲ့ စစ်ပွဲတွေ၊ သတ်ဖြတ် ချေမှုန်းမှုတွေကြောင့် မှုန်း(Hmong)တွေဟာ ဝေးကွာလှတဲ့ တောင်တန်းဒေသတွေကို ထွက်ပြေးခိုလှုံခဲ့ရပါတယ်။ သူတို့ နယ်မြေတွေကိုသိမ်းယူပြီး သူတို့ကို လက်အောက်ခံတွေအဖြစ် သွတ်သွင်းတဲ့ တရုတ်တို့ရဲ့အဆက်မပြတ် ကျူးကျော်တိုက်ခိုက်မှုတွေကို တွန်းလှန်ရင်းနဲ့ မှုန်း(Hmong)တွေဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲတွေကို ရင်ဆိုင်ခဲ့ရတယ်။
တရုတ်တွေဟာ မှုန်း(Hmong)တွေရဲ့ တိုင်းရင်းသား ဘာသာစာပေတွေ အသုံးပြုတာကို သေဒဏ်ပေးနိုင်တဲ့ အပြစ်လို့ သတ်မှတ်ခဲ့ကြတယ်။ သူတို့ကို အုပ်စုငယ်လေးတွေအဖြစ် ခွဲပစ်လိုက်ပြီး သူတို့ကို တံဆိပ်ခပ်ထားနိုင်ဖို့ သတ်မှတ်ထားတဲ့ အဝတ်အစားကိုပဲ ဝတ်ရမယ်လို့ အဓမ္မပြုလုပ်ခဲ့ကြတယ်။ ၁၈ ရာစုနှစ်မှာ မန်ချူးဘုရင်တပါး က မှုန်း(Hmong)ခုခံစစ်ကို ချေမှုန်းနိုင်ဖို့ မျိုးဖြုတ်သုတ်သင်ရေးစစ်ပွဲကို ဆင်နွှဲခဲ့တယ်။
၁၈ ရာစုမှာ တရုတ်တို့ရဲ့သုတ်သင်ချေမှုန်းမှုက လွတ်မြောက်စေဖို့ရာ ယနေ့ ဗီယက်နမ်၊ လာအို၊ မြန်မာနဲ့ ထိုင်း နိုင်ငံလို့ခေါ်နေတဲ့ ဒေသများရှိရာ တောင်ဘက်ပိုင်းကို ထွက်ခွာလာကြရတယ်။ လွတ်လပ်လိုစိတ် အရှိန်ငြီးငြီးတောက်လောင်နေတဲ့ (Hmong)မှုန်းတွေဟာ ဗဟိုအစိုးရတွေရဲ့ ထိန်းကွပ်မှုအောက်က ကင်းလွတ်ပြီး ကြမ်းတမ်းခက်ထန်တဲ့ တောင်တန်းဒေသတွေပေါ်မှာပဲ အထီးကျန် မှုန်းလူ့အဖွဲ့အစည်းတွေကို တည်ထောင်ခဲ့ကြတာပါ။
၁၈ဝဝ ကျော်ခုနှစ်များရဲ့နှောင်းပိုင်းနှစ်တွေမှာ အင်ဒိုချိုင်းနားကို ပြင်သစ်တွေရောက်လာတယ်။ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားတို့မှာ ကိုလိုနီစနစ် ထူထောင်လိုက်တယ်။ မှုန်း(Hmong)တွေက နယ်ချဲ့ပြင်သစ်တွေကို ရှေးဦး တော်လှန်သူတွေထဲမှာ ရှေ့ဆုံးကပါခဲ့တာပေါ့။
ကယ်တင်ရှင်အဖြစ် မှော်အတတ်ပညာတွေကို တတ်ကျွမ်းတယ်လို့ မှုန်း(Hmong)လူထုက ယုံကြည် ကိုးစားခံရတဲ့ Pa Chny ဆိုသူက လေး၊ မြား၊ ကျောက်မီးသေနတ်နဲ့ အိမ်လုပ်သေနတ်တွေသုံးပြီး ကျူးကျော်သူတွေကို တော်လှန်ခဲ့တဲ့ သည် ၄ နှစ်ကြာ တော်လှန်စစ်ဟာ ဗီယက်နမ်နဲ့ လာအိုအထိ ပြန့်နှံ့သွားခဲ့ပါတယ်။
၁၉၁၂ ခုနှစ်မှာ ပြင်သစ်တို့က နောက်ဆုံးအောင်ပွဲရလိုက်ပေမယ့် သည်စစ်ပွဲကို စံပြုလောက်တဲ့ ပြောက်ကျားစစ်ပွဲအဖြစ် အသိအမှတ်ပြုရပါတယ်။ နောက်တကြိမ် ဒေသတွင်းမှာ စစ်ပွဲဖြစ်လာတော့ (Hmong)တွေကို ချက်ချင်းစုစည်းပြီး သူတို့ဘက်က ပါဝင်တိုက်ခိုက်ဖို့ စီစဉ်ရတဲ့အထိ ပြင်သစ်တွေက မှုန်း(Hmong)တွေရဲ့ စစ်သွေးစစ်ရည်အပေါ် အထင်ကြီးလေးစားခဲ့ရတာပါ။
ဒုတိယကမ္ဘာစစ်ရဲ့နောက်ပိုင်း ပြင်သစ်နဲ့မဟာမိတ်တပ်ဖွဲ့တွေက ဂျပန်လက်က အင်ဒိုချိုင်းနားကို ပြန်သိမ်းဖို့ စစ်ဆင်ရေးတွေစလာတဲ့အခါမှာ ပြင်သစ်ကွန်မန်ဒိုတပ်ဖွဲ့တွေက လာအိုကုန်းပြင်မြင့်မှာနေနေတဲ့ (Hmong)မှုန်းတွေကို သူတို့ စစ်တပ်ထဲမှာ သွတ်သွင်းပါတော့တယ်။ လမ်းပြတွေ၊ သတင်းပေးသူတွေ၊ စကားပြန်တွေ၊ အထမ်းသမားတွေ၊ ပြောက်ကျား တပ်ဖွဲ့ဝင်တွေအနေနဲ့ စုစည်းခဲ့တာပါ။
နောက်ဆုံးပေါ်လက်နက်တွေ၊ ခေတ်မီနည်းပညာတွေနဲ့အတူ (Hmong)မှုန်းတွေဟာ ကျောက်ခေတ် အခြေအနေကနေ ပိုမိုခက်ထန်ကြမ်းတမ်းတဲ့ ကမ္ဘာလုံးဆိုင်ရာစစ်ပွဲနဲ့ မဟာအင်အားကြီးနိုင်ငံတို့ရဲ့ နိုင်ငံရေး တိုက်ပွဲအဆင့်ထဲကို ဆွဲသွင်းခြင်းခံလိုက်ရပါတော့တယ်။ ကံမကောင်းအကြောင်းမလှစွာနဲ့ဘဲ ၂ဝ ရာစုခုနှစ် စစ်ပွဲရဲ့ မဟာဗျူဟာမြောက် အရေးပါဆုံးဒေသတွေထဲက ဒေသတခုမှာနေထိုင်ခဲ့ကြရတာမို့ ဒီကနေ့မှာ အဲဒီအကျိုးဆက်များကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။
ဂျပန်ဆန့်ကျင်ရေးစစ်ပွဲတွေမှာ ထူးထူးခြားခြား အောင်မြင်ခဲ့တာကြောင့် ၁၉၄၆ ခုနှစ်ကနေ ၁၉၅၄ ခုနှစ်အထိ ဗီယက်နမ်ကွန်မြူနစ်တွေကို တိုက်ခိုက်ခဲ့တဲ့ ၇ နှစ်ကြာစစ်ပွဲများမှာ (Hmong)မှုန်းတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ရပြန်ပါတယ်။ ဗီယက်နမ်ကွန်မြူနစ်တွေက လာအိုမြောက်ပိုင်းကို ရယူဖို့ကြိုးစားလာတော့ ပြင်သစ်တွေက (Hmong) မှုန်းပျောက်ကြားစစ်တပ်ရဲ့ အမာခံကြောရိုးကို ဖွဲ့စည်းခဲ့တယ်။
မှုန်း(Hmong)တွေဟာ စစ်သေနင်္ဂဗျူဟာမှာ အထူးကျွမ်းကျင်သူတွေဖြစ်တယ်။ ၁၉၅၄ ခုနှစ် ဒိန်ဗင်ဗူးမြို့မှာ ပြင်သစ်စစ်သား ၁၄,ဝဝဝ ပိတ်မိနေပြီး ဗီယက်နမ်တပ်သား (၅ဝ,ဝဝဝ)က ဝိုင်းထားချိန်မှာ (Hmong)မှုန်းတွေက ပြင်သစ်တွေကို ကယ်ထုတ်ဖို့ ကြိုးစားခဲ့ဖူးတယ်။
အင်အား ၂,ဝဝဝ ရှိတဲ့ (Hmong)တပ်ဖွဲ့က ရက်ပေါင်း ၂ဝ ကြာ ခရီးပြင်းချီတက်သွားပေမယ့် သူတို့မရောက်ခင် ဒိန်ဗင်ဗူးက ဗီယက်နမ်တွေ လက်ထဲကျသွားတာမို့ အလာကောင်းပေမယ့် အခါနှောင်းခဲ့ရတယ်။ ချီတက်သွားတဲ့ သူတို့အားလုံးလိုလိုလောက်လည်း ဗီယက်နမ်တွေရဲ့ အကျဉ်းသားဖြစ်ခဲ့ရတယ်။
ဒိန်ဗင်ဗူးကျသွားတာဟာ အင်ဒိုချိုင်းနားမှာ ပြင်သစ်ကိုလိုနီစနစ် အဆုံးသတ်သွားတာဖြစ်တာကြောင့် ပြင်သစ်တွေ ထွက်သွားပေမယ့်လည်း အမေရိကန်တွေက ဝင်လာခဲ့ပါတယ်။ မှုန်း(Hmong)တွေကတော့ သည်စစ်ပွဲထဲကို နောက်တကြိမ် ထိုးသွင်းတာခံရပြန်တာပါပဲ။
ဒါကလည်း သူတို့နေတဲ့နေရာက မဟာဗျူဟာမြောက်ဒေသဖြစ်နေတာရယ်၊ တောင်တန်းဒေသတွေမှာ ပြောက်ကျားစစ်ပွဲကို ကောင်းကောင်းတတ်ကျွမ်းတဲ့ သူတို့ရဲ့ အရည်အသွေးတွေကြောင့်ပဲ ဖြစ်ပါတယ်။ ပြင်သစ်တွေလိုပဲ အမေရိကန်တွေက ဗီယက်နမ်တွေကို ပြန်တိုက်ထုတ်ဖို့ (Hmong)မှုန်းတွေကို အသုံးချပါတော့တယ်။ အလားတူပဲ ဗီယက်နမ် ကျောထောက်နောက်ခံပြုထားတဲ့ ပသက် လာအိုတွေရဲ့ ကွန်မြူနစ်စစ်ရေး ပုန်ကန်မှုတွေကလည်း ကြီးထွားလာပါတယ်။
၁၉၅ဝ ကျော်ခုနှစ်များရဲ့ နှောင်းပိုင်းကာလများမှာတော့ လာအိုဟာ စစ်အေးစစ်ပွဲ၏ အပြင်းအထန်ဆုံး ရှေ့တန်း ဒေသဖြစ်လာတယ်။ အမေရိကန်စစ်ရေးကျွမ်းကျင်သူတွေက ကွန်မြူနစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်ဖို့ ဒေသခံတိုင်းရင်းသားတပ်ဖွဲ့တွေကို သင်တန်းတွေပေးတယ်။ စစ်ဆင်ရေးတွေမှာ တိတ်တိတ်ပုန်း ပါဝင်လာတယ်။
ဆိုဗီယက်ယူနီယံနဲ့ တရုတ်ကလည်း ဗီယက်နမ်တောင်ပိုင်းမှာရှိတဲ့ သူတို့တပ်တွေကို ထောက်ပံ့ကူညီဖို့၊ စစ်ကူတွေစေလွှတ်ဖို့ လမ်းကြောင်းတွေရှာဖွေနေတဲ့ မြောက်ဗီယက်နမ်နဲ့ လာအိုကွန်မြူနစ်တွေကို အကူအညီ ပေးတယ်။ အားလုံးသိကြတဲ့အတိုင်း ၁၂,၅ဝဝ မိုင်နီးပါးရှည်တဲ့ ဟိုချီမင်းလမ်းကြောင်းဟာ လာအိုမြေပြင်ပေါ်မှာ ရှိတာပါ။ ဒီနယ်မြေတွေကို ပသက် လာအိုတွေက ထိန်းချုပ်ထားတာပါ။
သည်ကွန်မြူနစ်တွေရဲ့နယ်မြေကျယ်ပြန့်လာတာကို ထိန်းချုပ်ဖို့ရာ အမေရိကန်ပြည်ထောင်စုက မှုန်း(Hmong) တောင်ပေါ်သားလူမျိုးတွေ အများစုပါဝင်တဲ့ ပြောက်ကျားတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုကို ဖုံးကွယ်ထားဖို့ရည်ရွယ်ပြီး CIA က သည်တပ်ဖွဲ့ကို ငွေကြေးထောက်ပံ့ခဲ့တာဖြစ်ပါတယ်။
သည်လျှို့ဝှက်ပြောက်ကျားတပ်ဖွဲ့ဟာ ရာပေါင်းအနည်းငယ်မျှ အင်အားရှိရာကနေ စစ်သား ၄ဝ,ဝဝဝ ခန့် ရှိလာပြီး ကိုယ်ပိုင်လေတပ်ပါရှိတဲ့ လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့အဖြစ်ကို ကြီးထွားခဲ့ပါတယ်။ သူတို့ ခေါင်းဆောင်ကတော့ Gen Vang Pao ဖြစ်ပြီး (Hmong)မှုန်းတွေရဲ့ ချစ်ခင်လေးစားမှုကို ရယူထားနိုင်သူ ဖြစ်ပါတယ်။
၁၉၆၂ အထိ လာအိုမှာရှိတဲ့ ကွန်မြူနစ်ဆန့်ကျင်ရေး အင်အားစုတွေကို ထောက်ပံ့တဲ့ အမေရိကန်အကူအညီ အများစုဟာ Vang Pao နဲ့ သူ့ပြောက်ကျားတပ်ဖွဲ့ကို တိုက်ရိုက်ပေးကမ်းခဲ့တာဖြစ်ပါတယ်။ နောက် ၁ဝ နှစ်ကြာတဲ့အထိ Gen Vang Pao ရဲ့စစ်တပ်အတွက် US$ 20 Billion သုံးစွဲခဲ့တာဖြစ်ပြီး CIA ရဲ့သမိုင်းမှာ အကြီးမားဆုံးလုပ်ငန်းတခု ဖြစ်ပါတယ်။
သူတို့ရဲ့ အဓိကတာဝန်ကတော့ ထောက်လှမ်းရေးသတင်းတွေ စုဆောင်းဖို့၊ ပစ်ချခံရတဲ့ အမေရိကန် ယာဉ်မှူးတွေကို ကယ်တင်ဖို့နဲ့ မြောက်ဗီယက်နမ်နဲ့ မြောက်ပိုင်းလာအိုမှာရှိတဲ့ ကွန်မြူနစ်တွေကို ရာသီမရွေး ဗုံးကြဲနိုင်ဖို့ လေကြောင်းတပ်စခန်းတွေကို အကာအကွယ်ပေးဖို့ဖြစ်ပါတယ်။
ပုံမှန်အားဖြင့်လည်း ပသက်လာအိုနဲ့ ဗီယက်နမ်တပ်တွေကိုလည်း တိုက်ပွဲဆင်ရပါသေးတယ်။ အမေရိကန်တွေကို သည်လိုကူညီခဲ့တဲ့အတွက် (Hmong)မှုန်းစစ်သား ၁၇,ဝဝဝ စစ်ပွဲမှာ ကျဆုံးခဲ့ရပြီး အပြန်အလှန်ပစ်ခတ်မှုတွေနဲ့ ရောဂါဘယနဲ့အငတ်ဘေးဒဏ်ကြောင့် ပြည်သူလူထု ၅ဝ,ဝဝဝ ကျော် သေဆုံးခဲ့ရပါတယ်။ ပိုမိုဝေးကွာလှတဲ့ တောင်ကုန်းမြင့်များဆီ ရွာလုံးကျွတ် ထွက်ပြေးကြရတယ်။ Xieng Khouang နယ်မှာရှိတဲ့ (Hmong)မှုန်း အားလုံးလိုလိုဟာ စစ်ပွဲအတွင်းမှာ တနည်းမဟုတ်တနည်းနဲ့ ဒုက္ခသည်ဘဝ ရောက်ခဲ့ရပါတယ်။ စစ်ကြောင့် မထိခိုက်ဘဲကျန်ခဲ့တဲ့သူဆိုလို့ ဘယ်သူမှမရှိပါဘူး။
၁၉၇ဝ ကျော်ခုနှစ်တွေမှာတော့ အမေရိကန်ကူညီထောက်ပံ့နေမှုဟာ တဖြည်းဖြည်း ကျဆင်းလာပါတော့တယ်။ (Hmong)မှုန်းတွေကို သူတို့အတွက် သူတို့ကာကွယ်ဖို့ပဲ ထားခဲ့ပါတော့တယ်။ ဒါက ဘယ်လိုမှမဖြစ်နိုင်တဲ့ ကိစ္စပါ။ ၁၉၇၅ ခုနှစ်လောက်မှာတော့ အကြီးအကျယ် ရှုံးနိမ့်မှုကိုရင်ဆိုင်ရပြီ။ Gen Vang Pao ဟာ သူ့စစ်တပ်ကို ဖျက်သိမ်းလိုက်ရပါ တယ်။ သူ့လူ ၅,ဝဝဝ နဲ့ ထိုင်းနိုင်ငံကို ထွက်ပြေးရပါတယ်။
သူထွက်မပြေးခင် ရက်ပိုင်းအလိုမှာ ပသက် လာအို သတင်းစာတစောင်က (Hmong) မှုန်းလူမျိုးတွေကို အမြစ်ပြတ်သုတ်သင်ချေမှုန်းမယ်လို့ ကြိမ်းဝါးပါတယ်။ နောက်ဆယ်စုနှစ် ၃ စု ကျော်လာတဲ့အချိန်ထိတောင် လာအိုအစိုးရက သူ့ကတိကဝတ်တွေကို ဆက်လက် အကောင်အထည်ဖော်နေဆဲပါ။
လာအိုမှာ ၁၉၇၅ ခု ကွန်မြူနစ်တွေ အာဏာရလာပြီးနောက်ပိုင်းမှာတော့ (Hmong)မှုန်းလူမျိုး ထောင်ပေါင်းများစွာကို အကျဉ်းစခန်းအသီးသီးမှာ ဖမ်းဆီးထားပါတယ်။ ထောင်ပေါင်းများစွာကလည်း အိမ်နီးချင်း ထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံကြတယ်။ တချို့ကလည်း တောတောင်ထူထပ်ရာဒေသတွေကို ထွက်ပြေးကြပြီး လက်နက်ကိုင်တိုက်ပွဲ ဆက်လက်ဆင်နွှဲကြတယ်။
အမှန်တော့ တောထဲထွက်ပြေးပြီး လက်နက်ကိုင်တိုက်ပွဲဆက်တိုက်နေသူတွေက တနေ့နေ့မှာတော့ အမေရိကန်တွေဟာ ကျိန်းသေပြန်ရောက်လာပြီး သူတို့ကိုကူညီလိမ့်မယ်လို့ ယူဆခဲ့ကြတာဖြစ်ပါတယ်။ အဲသည်အချိန်တုန်းက မိသားစုများ အပါအဝင် လူပေါင်း ၇၈,ဝဝဝ လောက် (အဲသည်ထဲမှာ လူ ၁၅,ဝဝဝ လောက်က လက်နက်ကိုင်နိုင်တယ်) အမေရိကန်ကူညီလိမ့်ဦးမယ်လို့ ယူဆချက်နဲ့ လက်နက်ကိုင်တော်လှန်ရေး ကို ဆက်လုပ်ခဲ့ကြတယ်။
အခု နှစ်ပေါင်း ၃ဝ ကျော် ၄ဝ နီးပါးကြာတော့ အမေရိကန်တွေ ဘယ်တော့မှ ပြန်လာတော့မှာမဟုတ်ဘူးဆိုတာ သူတို့သိကြပါပြီ။ နောက်ဆုံးတော့ ကွန်မြူနစ်တွေကို သူတို့အရှုံးပေးလိုက်ရပြီဖြစ်တယ်။
ဒါပေမယ့် သူတို့မှာ အခြားရွေးစရာလမ်းမရှိပါ။ ထိုင်းနိုင်ငံဘက်ကိုလည်း ကူးလို့မရ။ ကွန်မြူနစ်တွေရဲ့ အကျဉ်းစခန်းတွေထဲမှာလည်း မနေနိုင်။ ဒါ့ကြောင့် ကမ္ဘာဦးလူသားဘဝကို ပြန်ရောက်ရင်း တောထဲ တောင်ထဲမှာပဲ အငတ်ငတ်အပြတ်ပြတ်နဲ့ ရောဂါအမျိုးမျိုး ဒဏ်ခံပြီးနေနေရပါတယ်။
ယခုအချိန်ထိ (Hmong)မှုန်းလူမျိုး ၁ဝဝ,ဝဝဝ လောက် လာအိုကနေ ထိုင်းနိုင်ငံကို ထွက်ပြေးကြပြီလို့ ဆိုတယ်။ လူသောင်းပေါင်းများစွာကလည်း ၁၉၇၅ ကနေ ၁၉၈ဝ ခုနှစ်အတွင်းမှာ သေဆုံးကုန်ပြီလို့ တရားမဝင် စာရင်းဇယားများအရ သိရတယ်။ အခြား မှုန်းလူမျိုး ၂,ဝဝဝ လောက်ကတော့ ပသက် လာအို ထိမ်းသိမ်းရေး စခန်းတွေမှာ ရှိနေဆဲပဲ။
၁၉၈ဝ ကျော်ခုနှစ်များမှာတော့ ပြင်ပအကူအညီ အနည်းအပါးပဲရတာကြောင့် မှုန်းခုခံရေးစစ်ပွဲဟာရှိတယ်လို့ ဆိုရုံလေးပါပဲ။ အမေရိကားမှာတော့ (Hmong Community)ဟာ လူ ၁ဝဝ,ဝဝဝ လောက် ရှိနေပါပြီ။ လာအိုအစိုးရကို ထိထိရောက်ရောက် မခြိမ်းခြောက်နိုင်တော့ပေမယ့် ထို မှုန်းခုခံရေးအုပ်စုတွေကတော့ တတ်နိုင်သ၍ တိုက်ပွဲဝင်နေဆဲပါ။
ဒါပေမယ့် စစ်အေးခေတ်အပြီး ယိုးဒယားလိုနိုင်ငံရဲ့အစိုးရတွေက အင်ဒိုနီးရှားကို စစ်ပွဲဒေသအဖြစ်ထက် အရောင်းအဝယ်ဒေသအဖြစ် ပြောင်းလဲကျင့်သုံးလာတာကြောင့် အကူအညီပေးမှုတွေက တဖြည်းဖြည်း လျော့ကျလာတာမို့ (Hmong)ခုခံစစ်ဟာ ရပ်တည်နိုင်ရေးအဆင့်ထက် မပိုတော့ပါဘူး။ ၂ဝဝ၄ ခုနှစ် ဧပြီလအထိ (Hmong)မှုန်းလူမျိုး ၁၇,၆၆၉ ဦး တောထဲတောင်ထဲမှာ ရှိနေကြပါသေးတယ်။ ၂ဝဝ၇ အကုန်လောက်မှာတော့ ၄,ဝဝဝ လောက်ပဲ ကျန်ပါတော့တယ်။ တချို့က လက်နက်ချပြီး တချို့က ထိုင်းနိုင်ငံကို ထွက်ပြေးကြတာပါ။
(Hmong)မှုန်းလူမျိုးစုတွေအဖို့ နောက်ဆုံး သစ္စာဖောက်ခံရတာတချက်ကတော့ ၂ဝဝ၇ ဇွန်လအတွင်းက ဖြစ်ပါတယ်။ Gen Vang Pao နဲ့ သူ့လက်ထောက် ၁ဝ ယောက်လောက်ဟာ ကယ်လီဖိုးနီးယားမှာ အဖမ်းခံရတယ်။ ဒေါ်လာ ၉.၈ သန်းဖိုးတန်တဲ့ ခဲယမ်းမီးကျောက်နဲ့ လက်နက်တွေဝယ်ယူပြီး လာအိုအစိုးရကို ဖယ်ရှားဖို့ ကြိုးပမ်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပါ။ သူ့မှာ အပြစ်ရှိကြောင်းတွေ့ရှိရရင် Gen Vang Pao ဟာ တသက်တကျွန်းကျခံရမှာ ဖြစ်ပါတယ်။ (Hmong) မှုန်းလူမျိုးစုတွေအဖို့ ဘယ်လောက် ခါးသီးနာကျည်းဖွယ်ရာ ကောင်းတဲ့ အတွေ့အကြုံပါလဲ။
၂ဝ၁ဝ ခု ဖေဖော်ဝါရီလ ၁ဝ ရက်ထုတ် Nation သတင်းစာရဲ့ အယ်ဒီတာ့အာဘော်မှာ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ (Hmong)မှုန်းဒုက္ခသည်တွေကို လာအိုနိုင်ငံကို ပြန်ပို့တဲ့ကိစ္စအပေါ် ဝေဖန်ထောက်ပြထားတာ တွေ့ရတယ်။ ဟိုတုန်းက ဘယ်လောက်ပဲ ရန်ညှိုး ရန်စတွေရှိရှိ အခုချိန်မှာတော့ ဒါတွေကိုသင်ပုန်းချေပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို လာအိုကွန်မြူနစ်အစိုးရက လုပ်ပါ့မလားဆိုတဲ့အပေါ်လည်း မေးခွန်းထုတ်စရာပါ။
ဗီယက်နမ်စစ်အပြီးမှာ (Hmong)လူမျိုးစုတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့သစ္စာဖောက်ခံ ဒါမှမဟုတ် မေ့ပစ်ခံရတဲ့ တခုတည်းသောလူမျိုးစုတော့ မဟုတ်တော့ပါဘူး။ ၁၉၆ဝ ခုနှစ်ကျော်နှစ်များက (Hmong) လူမျိုးစုတွေကို လာအိုစစ်ပွဲထဲဆွဲသွင်းခဲ့တဲ့အချိန်နဲ့ တချိန်တည်းမှာလိုပဲ CIA ဟာ တောင်ဗီယက်နမ်ရဲ့ ကုန်းမြင့်ဒေသတွေက တောင်ပေါ်ဒေသလူမျိုးများကို ဗီယက်နမ်ကွန်မြူနစ်တွေရဲ့ ထိမ်းချုပ်မှုကိုဟန့်တားဖို့ စစ်ပွဲအတွင်း ဆွဲသွင်းခဲ့ပါသေးတယ်။ (ဒါကို နောက်အပတ်မှာ အကျယ်ရေးပါမယ်)
စစ်အေးခေတ်ရဲ့အခြားဘက်တဖက်မှာ ဖြစ်ပျက်ခဲ့တာကိုလည်း တင်ပြရပါမယ်။ သိကြတဲ့အတိုင်း စစ်အေးခေတ် အင်ဒိုချိုင်းနားစစ်ပွဲဆိုတာ ပြင်သစ်တွေဆုတ်သွားရပြီးနောက်ပိုင်း အမေရိကန်နဲ့ မဟာမိတ်တွေနဲ့ အင်ဒိုချိုင်းနား ၃ နိုင်ငံမှာရှိတဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးအင်အားစုတွေကတဖက်၊ တရုတ်၊ ရုရှားက အကြီးအကျယ် ကူညီထောက်ပံ့ထားတဲ့ ကွန်မြူနစ်အင်အားစုတွေကတဖက် ဖြစ်ခဲ့တဲ့စစ်ပွဲပါ။
စစ်အေးခေတ်ရဲ့နိုင်ငံရေးအကြပ်အတည်းကို အမြင့်မားဆုံးစစ်ပွဲ အသွင်သဏ္ဍာန်နဲ့ ဖြေရှင်းမှုရဲ့ နမိတ်ပုံရိပ် ဆိုရင်လည်း မမှားပါ။
စာလေးသွားမှာစိုးလို့ အတိုချုပ်ပြောရအောင်။ ၁၉၇၅ ဧပြီလ ၁၇ ရက်နေ့မှာ ကွန်မြူနစ်ခမာနီတွေ ကမ်ပူးချားမှာ အာဏာရတယ်။ ၁၉၇၈ ခု ဧပြီလ ၃ဝ ရက်နေ့မှာ ဗီယက်နမ်စစ်ပွဲပြီးသွားလို့ ဗီယက်နမ် ကွန်မြူနစ်တွေ အောင်ပွဲရတယ်။ ၁၉၇၈ ဒီဇင်ဘာလ ၂၅ ရက်မှာတော့ ဗီယက်နမ်စစ်တပ်က နယ်စပ်ကို ဖြတ်ကျော်ပြီး ရက်ပေါင်း ၂ဝ အတွင်းမှာ ကမ်ပူးချားမြို့တော် ဖနွမ်းပင်ကို သိမ်းလိုက်တယ်။ သိပ်မကြာပါဘူး၊ ၁၉၇၉ ဖေဖော်ဝါရီလမှာတော့ တရုတ် ကွန်မြူနစ်တပ်တွေက နယ်စပ်ကိုဖြတ်ကျော်ပြီး ဗီယက်နမ်ကို ဝင်တိုက်တယ်။ ကွန်မြူနစ်တွေ အချင်းချင်းဖြစ်တဲ့ စစ်ပွဲဆိုလည်း မမှားပါ။
ဗီယက်နမ်တွေဝင်သိမ်းလို့ ထိုင်းနယ်စပ်ကိုဆုတ်ခွာသွားရတဲ့ ခမာနီတွေကို ထိုင်းအစိုးရက ခိုလှုံရာနေရာတွေ ပေးထားတယ်။ အမေရိကန်ကလည်း ထိုင်းကနေတဆင့် ကူညီတယ်။ တရုတ်ကတော့ ထိုင်းပင်လယ်ကွေ့ထဲက ထိုင်းဆိပ်ကမ်းမြို့တွေကတဆင့် သူ့လက်နက်တွေကို ခမာနီတွေရှိနေတဲ့ ထိုင်း-ကမ်ပူးချား နယ်စပ်ကို ပို့ပေးပါတယ်။
သည်လို တရုတ်လက်နက်တွေကို ထိုင်းနယ်မြေကိုဖြတ်ကျော်ပြီး ခမာနီတွေဆီပို့ပေးဖို့ ခွင့်ပြုပေးရလို့ ထိုင်းနိုင်ငံကရတဲ့ အကျိုးအမြတ်ကတော့ ထိုင်းကွန်မြူနစ်ပါတီကို တရုတ်ကဆက်ပြီး ရုပ်ဝတ္ထုပစ္စည်း အကူအညီ မပေးတော့ပါဘူးဆိုတဲ့ ကတိကဝတ်ပါပဲ။ ၁၉၈၉ ခုမှာ ဗီယက်နမ်တွေ ကမ်ပူးချားက ဆုတ်ခွာတော့ ဆယ်နှစ်တာ ကမ်ပူးချားစစ်ပွဲမှာ ပေးလိုက်ရတဲ့ဆုံးရှုံးမှုက ဗီယက်နမ်စစ်သား ၅၂,ဝဝဝ ကျဆုံးပြီး ၂ဝဝ,ဝဝဝ ကျော် ဒဏ်ရာရခဲ့တာပါပဲ။ ကမ်ပူးချားပြည်သူတွေ ဘယ်လောက် သေကြေမယ်ဆိုတာ စဉ်းစားကြည့်ပေတော့။
သည်အဖြစ်အပျက်တွေဟာ အနီးခေတ် အရှေ့တောင်အာရှမှာဖြစ်ပျက်ခဲ့တဲ့ စစ်အေးတိုက်ပွဲရဲ့မှေးမှေးမှိန်မှိန် ပုံရိပ်တချို့ပါ။ ဆိုးတာက ကျွဲနှစ်ကောင်ခတ်တဲ့ကြားက မြေဇာပင်ဖြစ်ခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေ၊ လူ့အဖွဲ့အစည်းတွေရဲ့ ရင်နာဖွယ်၊ ကြေကွဲဖွယ်၊ နာကျည်းဖွယ်အဖြစ်ပါ။ ကျွဲတွေကတော့ သူ့အလုပ် သူလုပ်တာပါပဲ။ မြေဇာပင်ဆိုတာ ရှိတယ်တောင် မအောက်မေ့ကြပါဘူး။
သည်လိုပဲ မဟာအင်အားကြီးနိုင်ငံတွေကလည်း သူ့အကျိုးစီးပွားအတွက် သူ့ပေါ်လစီအတွက် နိုင်ငံငယ်လေးတွေကို အသုံးချနေတာပါ။ “မွှေးတုန်းတော့ဖြင့် ပန်ချင်ပြန်တယ်၊ နံရင် ပစ်ပယ်” ဆိုသလို သူတို့အကျိုးစီးပွားတည့်တုန်းတော့ ပွဲထုတ်ပါလိမ့်မယ်။ သူတို့အကျိုးစီးပွားနဲ့ မကိုက်ညီတော့ဘူး ဆိုရင်တော့ မိတ်ဆွေဟောင်းတွေကိုလည်း ပြောင်သစ္စာဖောက်ဖို့ ဝန်မလေးပါ။ မစားရဝခမန်း စကားအလှတန်ဆာဆင် ပြောနေပေမယ့် လက်တွေ့မှာ သူတို့အကျိုးစီးပွားပါပဲ။ ဒါကလည်း မဆန်းပါဘူး။ နိုင်ငံရေးမှာ ဆိုရိုးတခုရှိတယ် မဟုတ်လား။ “ထာဝရ မိတ်ဆွေ မရှိ၊ ထာဝရရန်သူ မရှိ၊ ထာဝရ အကျိုးစီးပွားပဲရှိတယ်” လို့။
တချို့က ဝေဖန်မယ်။ စစ်အေးခေတ်ကုန်သွားပြီ။ နိုင်ငံတကာအကျိုးစီးပွားတွေက တခုနဲ့တခု ဆက်စပ်နေကြပြီ။ စစ်အေးခေတ်ကလို အဖြစ်အပျက်တွေ မဖြစ်နိုင်တော့ပါဘူးလို့။ မှန်ပါတယ်။ ထပ်တူထပ်မျှ တူတာတွေတော့ ဖြစ်မလာနိုင်တော့ဘူးပေါ့။ ဒါပေမယ့် ဘယ်နိုင်ငံမှ သူတို့အကျိုးစီးပွားနဲ့ မကိုက်ညီတဲ့ကိစ္စတွေကို စိတ်ခံစားမှု အခြေခံတွေပေါ် မူတည်ပြီး မလုပ်ဘူး။ ရှုံးမဲ့မြင်းကို မလောင်းဘူး။ အားမရှိတဲ့သူကို မလေးစားဘူး။ သနားတာလောက်တော့ ရှိမှာပေါ့။
ဒါ့ကြောင့် အဖြစ်အပျက်တွေဟာ ပုံသဏ္ဍာန်အရ ပြောင်းချင်ပြောင်းမယ်။ အနှစ်သာရအရကတော့ သည်လို အဖြစ်အပျက်တွေဟာ ပုံစံတမျိုးနဲ့ဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှု၊ စိန်ခေါ်မှုတွေရှိနေဆဲပါ။ သူတို့နိုင်ငံကြီးတွေရဲ့ မဟာဗျူဟာကစားကွက်ထဲ မရောက်ဖို့ လိုပါတယ်။ မြန်မာပြည်ဟာ မြေဇာပင်နိုင်ငံမဖြစ်ဖို့တော့ အရေးကြီးပါတယ်။ ဒါဖြင့် ဘာလုပ်ကြမလဲ၊။
အမှီအခိုကင်းရေး၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရေး၊ ပြည်သူလူထုနဲ့အတူရှိနေရေး၊ ခေတ်နဲ့အညီ ပြောင်းလဲနေမှုတွေအပေါ် မျက်ခြည်မပြတ်ရေး၊ တီထွင်ဆန်းသစ်ရေး၊ မျိုးဆက်သစ်လူငယ်တွေကို လေ့ကျင့် ပျိုးထောင်ရေး၊ ညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး စတဲ့ စကားအလှတန်ဆာတွေကို လက်တွေ့ လုပ်ငန်းများအဖြစ် ပြောင်းလဲနိုင်ပါမှ ကျနော်တို့နိုင်ငံကြုံတွေ့ရမဲ့ ခြိမ်းခြောက်မှုတွေ၊ ထောင်ချောက်တွေကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။
အဓိက ကတော့ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်နဲ့ အမျိုးသားညီညွတ်ရေးအပေါ်အခြေခံပြီး လူထုအကျိုး သည်ပိုးနိုင်ကြဖို့ပါ။ သည်လို လုပ်နိုင်ဖို့ဆိုတာလည်း အနာဂတ်ခေါင်းဆောင်သစ်တွေရဲ့ အမြော်အမြင်ပေါ် မူတည်နေပါတယ်။ သူတို့လေးတွေရဲ့ အမြော်အမြင်ကလည်း အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကို သူတို့ ဘယ်လိုပုံစံနဲ့ အသုံးချမယ်။ ဘယ်နည်းဘယ်ပုံ ဆက်စပ်သွားမယ်ဆိုတဲ့ အသိညဏ်အပေါ်မှာ မှီတည်နေတယ်ထင်လို့ သည်စာကို ရေးပါတယ်။

မြင်းရည်တက်ဦးသာ
ကိုးကား
1. Conflict (Nelsen Rand)
2. From Ladle to Exile (Bui Tin)
3. Nation Feb 10, 2010.

မှတ်ချက်။ ။ မိုးမခမှ ဆောင်းပါးဖြစ်ပါသည်။

No comments: