မနက် ၂ နာရီကျော်ပြီမို့ စာဖတ်ရင်း အတွေးနယ်ချဲ့နေမိသည်ကိုလက်စသတ်ရင်း မှတ်စုရေးဖို့ပြင်ရသည်။ စာအုပ်က Svetlana နှင့် Anya ဆိုသောအယ်ဒီတာ၂ ဦးတည်းဖြတ်သည့် Covering Oil ဖြစ်သည်။ သယံဇာတ ကျိန်စာကို ဘယ်လိုဖြေမလဲ (Lifting the resource curse) ဆိုသည့် Terry Lynn Karl ဆိုသူရေးသားထားသော အခန်းခေါင်းစဉ်က စိတ်ကိုစွဲဆောင်နိုင်လွန်းသည်။
သယံဇာတ ကျိန်စာဟုဆိုသဖြင့် ဒါရိုက်တာကြီး ဂျိန်းစ်ကင်မရွန်၏ ကမ္ဘာကျော်ရုပ်ရှင် avatar ကိုဖြတ်ခနဲ မြင်ယောင်မိသေးသည်။ ရုပ်ရှင် နှင့် လက်တွေ့ တူတာတွေ ကွဲလွဲတာတွေယှဉ်တွေးနေမိခြင်းဖြစ်သည်။ စာရေးသူ Terry က ဓါတ်သတ္တုအပါအဝင် မြေအောက်သယံဇာတများမှ ရေနံကို မူတည်ရေးထားပါသည်။ အဓိက ဆိုလိုရင်းမှာ ဆယ်စုနှစ်လေးစုကြာ ကမ္ဘာ့အတွေ့အကြုံဖြစ်ရပ်များအရ ရေနံတင်ပို့ရောင်းချနိုင်မှု သက်သက်သည် ရေနံကြွယ်ဝသောနိုင်ငံများကို မျိုးဆက်တစ်ဆက်အတွင်း ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများအဖြစ်သို့မပြောင်းလဲပေးနိုင်ဟုဆိုသည်။ ယခင်က ရွှေနက်ဟု တင်စားရသော ရေနံသည် ပိုင်ဆိုင်သောနိုင်ငံများအား စီးပွားရေးတိုးတက်မှုနှင့် ကြွယ်ဝချမ်းသာမှုများ ဆောင်ကြဉ်းပေးလိမ့်မည်ဟု ကျွမ်းကျင်သူများကအတပ်ဟောကြသည်။ ယခုတော့ ထိုယုံကြည်မျှော်လင့်မှုများက
မှန်းချက်နှင့်လွန်စွာလွဲခဲ့လေသည်။ လက်တွေ့တွင် ရေနံတင်ပို့မှုအပေါ်မှီခိုနေသော နိုင်ငံများမှာ စီးပွားရေးတိုးတက်မှုတွင် ပြဿနာအများဆုံး၊ နိုင်ငံအုပ်ချုပ်ရေးတွင် အာဏာရှင်အဆန်ဆုံး နှင့်နိုင်ငံရေးသဘောကွဲလွဲမှု နိုင်ငံရေးမတည်ငြိမ်မှု အများဆုံးသော နိုင်ငံများဖြစ်လို့နေသည်ဟု ဆိုသည်။ လယ်ယာကဏထွက်ကုန်များ၊ ထုတ်ကုန်များ အဓိကတင်ပို့သည့်နိုင်ငံများနှင့် ယှဉ်ကြည့်လျှင် ရေနံကဲ့သို့ မြေအောက်သယံဇာတ အရင်းအမြစ်ကြွယ်ဝသောနိုင်ငံများတွင် ဆင်းရဲမှုနှုန်းမြင့်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနိမ့်ခြင်း၊ အဟာရချို့တဲ့ခြင်း၊ ကလေးအသေအပျောက်နှုန်းမြင့်ခြင်း၊
လူ့သက်တမ်းတိုခြင်း နှင့်ပညာရေးနိမ့်ကျခြင်း ရလဒ်များက အံ့အားသင့်ဖွယ်ရာတွေ့ရှိရချက်များဖြစ်နေသည်။
ကမ္ဘာပေါ်တွင် အကြီးဆုံးသော မြေအောက်ရေနံသိုက်ပိုင်ဆိုင်ထားသည်ဟု အသိအမှတ်ပြုခံရသော ဆော်ဒီအာရေဗျတွင် လူတစ်ဦးခြင်းနှစ်စဉ်ဝင်ငွေကျဆင်းနေသည်မှာ ၁၉၈၁တွင် အမေရိကန်ဒေါ်လာ၂၈၆၀၀ ရှိရာမှ ၂၀၀၁ တွင် ၆၈၀၀ သို့ရောက်သွားသည်။ နိုင်ဂျီးရီးယားနှင့် ဗင်နီဇွဲလား တွင်လည်းလူတစ်ဦးချင်း နှစ်စဉ်ဝင်ငွေကျဆင်းလျက်ရှိသည်။ အယ်လ်ဂျီးရီးယား၊ အင်ဂိုလာ၊ ကွန်ဂို၊ အီကွေဒေါ၊ ဂါဒွန်၊ အီရန်၊ အီရတ်၊ ကူဝိတ်၊လစ်ဗျား၊ ကွေတာ စသောနိုင်ငံများ၏ဝင်ငွေမှာ လည်း ၁၉၇၀ပြည့်နှစ်များ ၁၉၈၀ ပြည့်နှစ်များမှ ဝင်ငွေအဆင့်သို့ပြန်နိမ့်ကျလျက်ရှိသည်။ ရေနံနှင့် မြေအောက်သတ္တုသယံဇာတများကို အားပြုနေသောနိုင်ငံများ၏ ထိုသို့သော အံ့အားသင့်ဖွယ်ရလဒ်များကို သယံဇာတ ကျိန်စာ (resource curse) ဟုစာရေးသူက ရည်ညွှန်းထားသည်။
သို့သော် သယံဇာတကြွယ်ဝမှုက တစ်ချို့ယူဆကြသလို စီးပွားရေးတိုးတက်မှု နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုအနှောက်အယှက် ပေးလိမ့်မည်ဟု ကံသေကံမ ဆိုလိုခြင်းတော့မဟုတ်ပါချေ။ အဘယ်ကြောင့်ဆိုသော် သယံဇာတကြွယ်ဝလျက် ဖွံ့ဖြိုးတိုးတက်သွားသော နိုင်ငံများ၏ သမိုင်းအထောက်အထားများစွာကြောင့်ဖြစ်သည်။ ဥပမာ ကမ္ဘာ့ကုန်ထုတ်လုပ်မှုတွင် ထိပ်တန်းက ဦးဆောင်နေသော အမေရိကန်ပြည်ထောင်စုသည် သတ္တုတွင်းလုပ်ငန်းများတွင် ထိပ်တန်းဖြစ်ခဲ့သည်။ ကနေဒါ၊ သြစတေးလျ၊ ချီလီ နှင့် နော်ဝေးကဲ့သို့သယံဇာတ ပိုင်ဆိုင်သော နိုင်ငံများ၏ ဥပမာလည်းရှိသည်။
သယံဇာတကျိန်စာသည် သယံဇာတကိုပိုင်ဆိုင်မှုကြောင့်သက်ရောက်သည်မဟုတ်ပါ။ ပိုင်ဆိုင်ရရှိထားသောသယံဇာတအပေါ်တွင် မှီခိုလွန်းသောကြောင့်ကျိန်စာမိရသည် ဆိုပါသည်။ ထိုသို့သယံဇာတအပေါ်မှီခိုမှုဆိုသည်မှာတိုင်းပြည်၏စုစုပေါင်း ပြည်ပတင်ပို့ကုန် နှင့် ရေနံ၊ သတ္တုစသော မြေပေါ်မြေအောက် သဘာဝသယံဇာတ တင်ပို့ရောင်းချမှုများကို အချိုးကျကြည့်ခြင်းဖြစ်သည်။
ကျိန်စာမိရခြင်းကိုသုံးသပ်ရာတွင် အကြောင်းလေးချက်ကို အဓိကပြောပါသည်။ ပထမအချက်မှာ ကမ္ဘာ့ရေနံဈေးနှုန်းများ အတက်အကျလွယ်ကူမြန်ဆန်ခြင်းဖြစ်သည်။ ထိုသို့ဈေးကွက် အတက်အကျမြန်လွန်းခြင်းက နိုင်ငံ၏ စီးပွားရေးဆိုင်ရာပေါ်လစီချမှတ်ရန် ခက်ခဲစေသည်။ ဘဏာရေးဆိုင်ရာစည်းမျဉ်းသတ်မှတ်ခြင်း၊ ပြည်သူ့အသုံးစရိတ်စီမံခန့်ခွဲခြင်း စသော နိုင်ငံတော်ရေရှည်စီမံကိန်းများအတွက် အခက်ကြုံစေသည်။ ထို့အတူ ရင်းနှီးမြုပ်နှံမှု၊ ပြည်သူများအကြား
ဝင်ငွေခွဝေမျှတစေမှု၊ နှင့် ဆင်းရဲမှုပပျောက်စေရေး လုပ်ဆောင်ချက်များကို ထိခိုက်စေသည်။
ဒုတိယအချက်မှာ ဒတ်ခ်ျ ရောဂါ (dutch disease) ဟုအမည်တွင်သောပြဿနာဖြစ်သည်။ နိုင်ငံ၏ငွေကြေးပေါက်ဈေး၊ နိုင်ငံခြားငွေနှင့် လဲလှယ်မှု နှုန်းထားများကို ရေနံတင်ပို့မှုကသာအဆုံးအဖြတ်ပေးသွားပြီး အခြားသော အလားအလာရှိသည့်ပို့ကုန်များ၏ဈေးကွက်ကို ပျက်ပြားစေသည်။ စိုက်ပျိုးရေး လယ်ယာထွက်ကုန်များ၊ ကုန်ထုတ်လုပ်ငန်းများကဲ့သို့ အလားအလာရှိသောလုပ်ငန်းများကို ရေနံတင်ပို့မှုလုပ်ငန်းက (crowd out) ဖယ်ထုတ်လိုက်ခြင်းဖြစ်သည်။ အချိန်ကြာလာသောအခါ ရေနံမဟုတ်သော အခြားကုန်ထုတ်လုပ်ငန်းများ၏ဈေးကွက်ပြိုင်ဆိုင်မှု အရည်အသွေး ဆုံးရှုံးသွားရသည်။
တတိယအချက်မှာ လုပ်သားများ၏ ကျွမ်းကျင်မှုအရည်အသွေးနိမ့်ကျမှု နှင့်အလုပ်အကိုင်အခွင့်အလမ်း မညီမျှမှုများ မြင့်မားလာခြင်းဖြစ်သည်။ ရေနံနှင့် သတ္တုလုပ်ငန်းသာ အဓိကဖြစ်ထွန်းပြီး တခြားစီးပွားရေးလုပ်ငန်းများမဖွံ့ဖြိုးသောအခါ ရေနံ နှင့် သတ္တု လုပ်ငန်းနှင့်ပတ်သက်သော ကျွမ်းကျင်သူများသာအလုပ်ဖြစ်ကြသည်။ ထို့ပြင် ထိုလုပ်ငန်းများမှ ထူးချွန်ပြီးသူများကိုသာ နိုင်ငံရပ်ခြားသို့စေလွှတ်ကာ ပညာတိုးသင်စေခြင်း၊ နိုင်ငံခြားမှ ကျွမ်းကျင်သူများကို ခေါ်ယူခန့်ထားခြင်း စသည်တို့က “လုပ်ရင်းနှင့် သင်ယူ ကျွမ်းကျင်” ဟူသော အနှစ်သာရကို ပျောက်သွားစေသည်။
စတုတ္ထနှင့် နောက်ဆုံးအချက်မှာ အခွန်ကောက်ခံခြင်းနှင့်ပတ်သက်သည်။ အစိုးရမှ အခွန်ကောက်ခံသည်ဆိုသည်မှာ အထက်ဖေါ်ပြပါ မညီမျှမှုများကို ရေချိန်ညှိပေးရန်ကြိုးစားခြင်းဖြစ်သည်။ ဝင်ငွေများသူများထံမှ အချိုးကကောက်ခံရရှိသောအခွန်ငွေများကို ပြည်သူများထံ အစိုးရအသုံးစရိတ် အမတော်ကြေးများအဖြစ်ဖြင့် ပြန်လည်ခွဲဝေပေးခြင်းဖြစ်သည်။ သည်နေရာတွင် ရေနံ နှင့်တွင်းထွက်သတ္တုလုပ်ငန်းများသည် အရင်းအနှီးများသော၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားသားပိုင်သော လုပ်ငန်းကြီးများဖြစ်လေ့ရှိသည်။ ယေဘူယျအားဖြင့် သက်ဆိုင်ရာနိုင်ငံ အစိုးရ ပိုင်လုပ်ငန်းများအဖြစ်သော်လည်းကောင်း တိုက်ရိုက်ချိတ်ဆက်လုပ်ကိုင်လေ့ရှိသဖြင့် ထိုလုပ်ငန်းများမှ ရသမျှမှာ
အစိုးရဝင်ငွေအဖြစ်သာ တိုက်ရိုက်သွားလေ့ရှိသည်။ ထိုသို့ဖြစ်စဉ်က တခြားထွက်ကုန်များနှင့် ရေနံထွက်ကုန်များအကြား အခွန်နှုန်းထားမတူညီမှုစနစ်ကို ဖြစ်စေသည်။ သို့ဖြင့် အခွန်ကောက်ခံမှု၊ ပြည်သူ့အကျိုးစီးပွားကို ကိုယ်စားပြုမှု၊ အစိုးရ၏ တာဝန်ခံနိုင်မှု စသည့်တို့အကြားက အရေးကြီးသော ဆက်နွယ်မှုကို ပျက်ပြားစေသည်။
အကြံပေးချက်များက ရှင်းသည်။ ဈေးနှုန်းမတည်ငြိမ်မှုကို ရင်ဆိုင်ရန် ရန်ပုံငွေတစ်ရပ်သီးသန့်ထားပါ။ နိုင်ငံ၏ စီးပွားရေးကို ပွင့်လင်းမှုရှိစေပြီး နိုင်ငံခြားငွေလဲလှယ်မှုဈေးကွက်ကို ကောင်းမွန်သော ငွေကြေးပေါ်လစီများဖြင့်ထိမ်းပါ။ ပညာရေှးနှင့် အတတ်ပညာကျွမ်းကျင်မှုကို ဇောင်းပေးကာ လူသားသယံဇာတကို ပျိုးထောင်ယူပါ။ အခွန်ကောက်ခံမှုဆိုင်ရာ ဥပဒေသစ်များပြဌာန်းရန်လိုပြီး ပွင့်လင်းထင်သာရှိသော စနစ်တစ်ရပ်ကိုတည်ဆောက်ပါ။ သိသာသည်မှာသည်လုပ်ငန်းများအတွက် သက်ဆိုင်ရာ နိုင်ငံ အစိုးရ၏ အခန်းကဏ အလွန်ရေးပါနေခြင်းဖြစ်သည်။
အရမ်းအရေးပါသောမေးခွန်းမှာ ဖေါ်ပြပါ နိုင်ငံရေးတည်ငြိမ်မှုနဲသော ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အစိုးရများက ထိုသို့ထိရောက်သော ဦးဆောင်မှုနှင့် ဥပဒေများချမှတ်နိုင်ရန် မည်သို့၊ မည်မျှ မျှော်မှန်းနိုင်ပါမည်နည်း။ မပြေးသော်ကံရာရှိဆိုသလို ငြင်းမရသော အချက်တစ်ခုမှာ ထိုသို့ သယံဇာတ ကျိန်စာမိနေသောနိုင်ငံများတွင် ပြည်သူ့မူဝါဒဖေါ်ဆောင်မည့် အုပ်ချုပ်ရေးအဆောက်အဦ အားနည်းနေတတ်ခြင်းဖြစ်သည်။ ရေနံ ကြွယ်ဝမှုကပင်အားနည်းချိနဲ့စေခြင်းဖြစ်သည်။ အာဏာရှင်ဆန်သော အစိုးရများက ရေနံမှရသော ဝင်ငွေကိုသုံးကာ အာဏာတည်မြဲနေနိုင်ဖို့ ကြိုးစားသည်။ ဆန့်ကျင်ဘက် အင်အားစုများ ပေါ်မလာနိုင်အောင်ကာကွယ်သည်။ စစ်တပ်ကိုအင်အားကောင်းစေပြီး အများကို ဖိနှိပ်နိုင်မည့်နည်းလမ်းများ တည်ဆောက်နိုင်သည်။ ထိုသို့သော အစိုးရများသည် အစိုးရသက်တမ်းလည်းရှည်တတ်ကြသည်။
ရေနံကြွယ်ဝမှုကြောင့် ပျားရည်အိုး အဖြစ်တင်စားလို့ရသောနိုင်ငံများတွင် မူဝါဒရေးရာ မအောင်မြင်မှုများလည်းများသည်။ ပြည်သူ့မူဝါဒများသည် ပြည်သူ့ကို ကိုယ်စားပြုရာမရောက်ပဲ လုပ်ငန်းရှင် အာဏာရှင်များ၏ အကျိုးကို ကိုယ်စားပြုသွားတတ်သည်။ ပြည်သူ့ဝန်ထမ်းများ အကျင့်ပျက်ချစားရန်တွန်းအားဖြစ်တတ်သည်။ လေ့လာချက်တစ်ခုအရ (ကနေဒါနှင့် နော်ဝေးကို ထည့်တွက်လျှင်ပင်) ရေနံတင်ပို့သောနိုင်ငံများတွင် ယေဘူယျအားဖြင့် လာဘ်ပေးလာဘ်ယူပြုမှု
သိသာစွာပိုများသည်ဟုအဖြေပေါ်သည်။ ထိုသို့ချစားမှုများက ပြည်သူ့ကိုကိုယ်စားပြုသည့် မူဝါဒအခွင့်အလမ်းများကို ပျက်ယွင်းစေခြင်းဖြင့် သယံဇာတကျိန်စာကို သက်ဆိုးရှည်စေသည်။
တစ်ဖန် ရေနံဝင်ငွေကိုသုံးကာ အာဏာတည်မြဲစေရန်ကြိုးပမ်းမှုများ၊ နိုင်ငံရေးနှင့်ပတ်သက်သော စီးပွားရေးဘက်လိုက်အရေးပေးမှုများက စီးပွားရေးကဏကို ပုံပျက်စေပြီး ရင်းနှီးမြုပ်နှံမှုများအကျိုးဖြစ်ထွန်းမှုကို နည်းစေသည်၊ အကျိုးစီးပွားကာကွယ်မှု ဥပဒေများ၏နောက်ကွယ်မှ အနှောက်အယှက်များဖြင့် စီးပွားရေးတိုးတက်ရန် ပြုပြင်ပြောင်းလဲမှုများကို ဟန့်တားသည်။ အုပ်ချုပ်ရေး စီမံခန့်ခွဲမှု ရေးရာ ပျက်ပြားနေပါက နိုင်ငံခြားငွေအကူအညီများက သယံဇာတကျိန်စာကို သက်ဆိုးရှည်စေရုံသာရှိပြီး အဆုံးတွင် တိုးတက်ဖွံ့ဖြိုးမှုပြိုလဲပြီး ကာလကြာရှည်နိုင်ငံမငြိမ်သက်မှုများသာ ကြုံစေသည်။ ရေနံတင်ပို့သောနိုင်ငံအချို့တွင် ပြည်တွင်းစစ်များထပ်ကာထပ်ကာဖြစ်လွယ်ခြင်းက ငြင်းမရသောအချက်ဖြစ်နေသည်။ သည်အချက်များကြောင့် ရေနံကို သယံဇာများတွင် အဆိုးဆုံးကျိန်စာဖြစ်သည်ဟု စာရေးသူက အတိအလင်းဆိုထားပါသည်။
ခုတော့ “ဌာနေ ဂြိုလ်သားအရိုင်းတွေကို ငါတို့စိတ်မဝင်မစားပါဘူး .. တစ်ကီလိုကို ဒေါ်လာသန်းနှစ်ဆယ်ပေါက်ဈေးရှိတဲ့ ဟောသည် သတ္တုလေးအတွက် ငါတို့ဒီကိုရောက်နေတာပါ။ ငါတို့တဖွဲ့လုံးကိုလခပေးထားတာ ဒါကပါ” ဆိုသည့် avatar ဇာတ်ဝင်ခန်းတစ်ခုမှ သတ္တုတွင်း အလုပ်အမှုဆောင်အရာရှိချုပ်၏ စကားကို ကြားယောင်နေမိသည်။
သယံဇာတ ကျိန်စာမိခဲ့သည်ရှိသော်နစ်နာသူများတွင် ဘယ်သူတွေပါဝင်နေပါသနည်း။ ကမ္ဘာ၏လက်ရှိ လောင်စာသုံးစွဲမှုအလေ့မှသည် စီးပွားရေးအရသာမက ပညာရေး ကျန်းမာရေး လူမှုရေး ယဉ်ကျေးမှု နိုင်ငံရေးတည်ငြိမ်မှု သဘာဝပတ်ဝန်းကျင်တည်တံ့မှု အစရှိသည်ဖြင့် များပြားလှသောအစွန်းထွက်လာသော နစ်နာမှုများကို မည်သို့သောတန်ဖိုးဖြတ်မှုစနစ်ဖြင့် တိုင်းတာရပါမည်နည်း။ မိသောကျိန်စာကို ဖြေရန် မည်သူများကအဓိကကျပါသနည်း။ သိသလိုလိုနှင့် ဝေဝါးနေဆဲသော အဖြေများကို မှန်းဆရင်း အိပ်ပျော်အောင်ကြိုးစားရတော့မည် ည ပင်ဖြစ်ပါတော့သည်။ အိပ်မက်ခဲ့လျှင်တော့ အဖြေသစ်တစ်ခု ရလိုရငြား ပင်ဒိုရာ ဂြိုလ်ကို တစ်ခေါက်လောက်သွားလိုက်ချင်ပါသေးသည်။
wishy-me
Feb 14, 2010
Subscribe to:
Post Comments (Atom)
4 comments:
I don't want my country to be one of the victims of failed states which are due to resource-richness and unable to nurture other competing human resources. Do you think " are we just at the blink of failing because we are rich in natural resources" or just fail due to poor socioeconomic management ? The topic is really informative in reconsidering how to sail our path to successful state.
Burma was in the top 20 of failed state list since 2006 after the Failed State Index was defined in 2005 and never got out. Its current position is 13th.
The index is formulated based on Social, Economical and Political indicators.
Burma Economy is very much relying upon the natural resources. It is obvious after the Gas booming. The higher natural resource revenue, the worse the curse will be. Even political supports can be expected from outside and inside as well.
The problem is always about management. The government should learn what is governance and accept its people as one of the stake holders. It should spend more money in Education and Health. Surpluses could also be used in economic reforms to promote Agriculture, SMEs and Production.
If the government doesn't face its people in their policy formulation, there will always be problems.
well said, and true. Thank you for seeing the note and relating it to its problem.The issue for our country can be traced back to the Last Kings' era before 1880s.We had Oil then and not only oil after that and it has been ongoing since. we can analyze our history again from this point of view. To add up to your comment, i have to confess that the note touched only so lightly upon international politics, economics and social issues which can push toward resource curse in a country(in the last paragraph). the cause and effect are reciprocal. the problem is extrinsic as well as intrinsic. and yes, you are right that the effort toward solutions should be intrinsic.
that youre Im sure there will be hundreds of people that appreciate this information. This is my very first comment, I think I like this!
choreography inaugural station biography kidd exhibitor saddles november introverted
this way People are bound to find this really important. I think the second paragraph pretty much says everything.
OLANSI FACTORY
Post a Comment