ကျောင်းပြီးတော့မည်။
မြက်ခင်းပြင်တွင် အားရပါးရထိုင်ကာ တပျော်တပါး ဆွေးနွေးငြင်းခုန်နေသော ဂျူနီယာအတန်းမှ အုပ်စုကို ငေးရင်းတွေးလိုက်မိသည်။ မိမိ ကိုယ်ကို ကျေနပ်မိသလိုလည်းခံစားရသည်။ ဒီပတ်ဝန်းကျင် ဒီမြက်ခင်းပြင် ဒီအရိပ်တွေကိုလွမ်းနေမိတော့မည်ထင်သည်။ ယိမ်းနေသော ဝါးရုံပင်များကို ကြည့်ရင်း လေပြည်ကို ခံစားရင် အတွေးတွေကိုလွှတ်ပေးလိုက်သည်။ ဒီနှစ်နှစ်အတွင်း ငါဘာတွေရခဲ့ ပါသလဲ။
ကျောင်းကပေးခဲ့သမျှထဲတွင် မမေ့နိုင်ရလောက်အောင် အထိဆုံးသော သင်ခန်းစာ နှင့် လေ့ကျင့်ခန်းများမှာ .. case studies နှင့် group work များပဲဖြစ်လိမ့်မည်။
case studies ဆိုသည်ကတော့ရှင်းပါသည်။ တကယ်အဖြစ်အပျက်တစ်ခုကို အချက်အလက်များပေးကာ (သို့) ကိုယ့်ဘာသာရှာဖွေကာ လေ့လာစေပြီး ဖြေရှင်းနိုင်မည့် နည်းလမ်းကို တင်ပြစေချင်းဖြစ်သည်။ အန္ဒိယ.. ကယ်ရယ်လာပြည်နယ်မှ School reform ဘယ်လိုလုပ်မလဲမှအစ အာဖရိကမှ ယူကွန်တာ ပြည်နယ်လေးအတွက် အကောင်းဆုံးရေပေးဝေမှုစနစ်ကို တွက်ချက်အဖြေထုတ်ခိုင်းခြင်း အထိပါသည်။
group work ကတော့ ကိုယ်တင်ပြလိုသည့်နည်းလမ်းကို တစ်ယောက်တည်းမစဉ်းစားစေပဲ အုပ်စုဖွဲ့ပေးလိုက်ခြင်းဖြစ်သည်။ တစ်အုပ်စုမှ memo တစ်စောင်သာထွက်ရမည်။
ဒုတိယနှစ်စတွင် group work များကို အသည်းယားလွန်းသည့်ထင် သူငယ်ချင်းတစ်စုက Dead by Group Work စာတန်းထိုးပြီး ကျောင်းတံဆိပ်နှင့် တီရှပ်တွေရိုက်ဖူးသည်။ ကိုယ်လည်း အမြန်ပင် စာရင်းပေးကာ ဝယ်ပစ်လိုက်သည်။ ခုတော့ တီရှပ်မြင်တိုင်း ရင်မှာနွေးရသည်။ group work သို့မဟုတ် ကိုယ့်ဘာသာအမည်ပေးထားသော အုပ်စုပတ်လည်ပွဲစဉ်များ ကိုခုတော့ အလွန်ကျေးဇူးတင်မိသည်မှာအမှန်ပင်ဖြစ်သည်။ အုပ်စုပေါင်းများစွားအတွက် အမှုပေါင်းများစွာအတွက် ကိုယ်နှင့်အလုပ်အတူတွဲလုပ်ခဲ့ကြသောသူငယ်ချင်းများစွာကို မြင်ယောင်မိသည်။ ကျေးဇူးတင်မိသည်။
public policy သည် problem solving ဖြစ်ပါသည်။ economic, politic and management & leadership ကို tool များအနေဖြင့် ပေးထားသည်။ သိထားသင့်သော ဖြစ်တတ်သောအရာများကို အကြမ်းဖြင်း ပြောပြသည်။ ထို့နောက် case များချပေးသည်။ ဖတ်ပေတော့ ရှာပေတော့ ကျိုးကြောင်းသုံးသပ်ပြီး ဖြစ်နိုင်သမျှတွေကို အဖြစ်နိုင်ဆုံးအကျိုးအထိရောက်ဆုံး တွက်ချေအကိုက်ဆုံး plan တစ်ခုဆွဲကာ လူအများ (ပါမောက္ခ) လက်ခံလာအောင် ရေးပေတော့။ ကိုယ်သုံးသောနည်းလမ်းအတွက် အမှန်အမှားမရှိပါ။ ဥပမာ အများသုံးရေဖြန့်ဝေရေးစနစ်တစ်ခု ဆိုပါစို့ ပြည်သူပိုင်အစိုးရစီမံခန့်ခွဲသော စနစ်အောက်မှာထားမလား ပုဂ္ဂလိကပိုင်လုပ်မလား .. ။ ပုဂ္ဂလိကပိုင်လုပ်ငန်းအဖြစ်ပြောင်းမည်ဆိုလျှင်တောင် နှစ်တို နှစ်ရှည် ကန်ထရိုက်စည်းကမ်းမျိုးစုံနှင့် ပုံစံကွဲများစွာရှိနိုင်သေးသည်။ အဖြေက ဘယ်နည်းနှင့်မဆို လုပ်တတ်လျှင် အကျိုးရှိပါသည်။ အခြေခံ အယူအဆနှင့် မှန်ကန်ချက်များရှိနေပြီး ထိုအချက်များကို ဆင်ခြင်မှုအတွက် စမှတ်များအနေဖြင့်ထားရသော်ငြား အများနှင့် မတူသော အိုင်ဒိယာတစ်ခုကို အကျိုးအကြောင်း ခိုင်လုံစွာ သက်သေသကာယဖြင့် တွက်ထုတ်ကာ ပုံဖော်ချင်လည်း ရသည်။ ရှိရင်းစွဲ နည်းတစ်ခုကို သေချာသုံးသပ်ကာ ပိုကောင်းအောင်ဖြည့်စွက်ပြုပြင်ပြီး အခိုင်အမာရှင်းပြနိုင်လည်းဖြစ်သည်။
သဘောက ပြဿနာတစ်ခုကို ဖြေရှင်းရန် နည်းလမ်း methods များစွာရှိပါသည်။ သေချာရမည်မှာ သင်သုံးသောနည်းလမ်းသည် အများပြည်သူကောင်းဖို့က ultimate goal ဖြစ်သည်။ "one end, several means", "one goal, several methods" ဘယ်လိုပဲပြောပြောပါ။ နောက်အရေးပါသောအချက်က သင်တင်ပြသောနည်းလမ်းကို သုံးစွဲမည့်သူများ။ အကျိုးတိုက်ရိုက်၊ သွယ်ဝိုက်ခံစားရရှိမည့်သူများ လိုက်နာရမည့်သူများ အကျိုးလျော့နဲသွားနိုင်မည်သူများ .. စဉ်းစားနိုင်သမျှ stakeholders စုံ လက်ခံနိုင်လောက်အောင် သင်ပုံစံထုတ်စီစဉ်ရလိမ့်မည်။ ဥပမာ ဆေးလိပ်သောက်ခြင်းမကောင်းကြောင်းလူတိုင်းသိသော်လည်း ဒီတိုင်းပြည်မှာဘယ်သူမှ ဆေးလိပ်မသောက်ရဟူသော ပေါ်လစီမျိုး လူတိုင်းသဘောတူလိုက်နာမည်ဟု မျှော့်လင်မရနိုင်ချင်းမျိုးဖြစ်သည်။ အုပ်ချုပ်သူ နှင့် အအုပ်ချုပ်ခံ လူတန်းစား၂ ရပ်အဖြစ်သက်သက်မဟုတ်ပဲ လူများအားလုံးကို သက်ဆိုင်ရာ stakeholders များအဖြစ်ကြည့်ရခြင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ ပြည်သူအများဆိုပါက နေထိုင်နေသူအားလုံးပါဝင်နေသည်မဟုတ်ပါလား။ ထားပါတော့ ။
သည်လိုနှင့် များပြားစုံလင်လှသော solution များကို ရှာဖွေရင်း တင်ပြရင်း သူငယ်ချင်းများ၏ လက်ရာများကိုလည်း အံ့သြရင်း အတုယူရင်း အတော်အထာကျလာသောအခါ group work အုပ်စုပတ်လည်ပွဲများစလာသည်။ case တစ်ခု ပါမောက္ခက ချပေးလာသောအခါ သေချာလေ့လာသည် သင့်တော်ရာ ရှာဖွေစုဆောင်းသည်။ ဖြစ်နိုင်တာများကိုစဉ်းစား အချက်အလက်ပြင်ထားသည်။ ပထမဆုံးနေ့ meeting တွင်သူများတွေဘယ်လိုထင်မလဲ ဘယ်လိုဆွေးနွေးကြမလဲ ရင်ခုန်သည်။
အုပ်စုများကိုအစပိုင်းတွင် ကျောင်းမှ strategically ဖွဲ့ပေးခြင်းဖြစ်သည်။ နိုင်ငံအလိုက် လူ့စရိုက်အလိုက်။ အတော်ပညာသားပါသည်။ ညက်ညက်ကျေအောင် စာဖတ်လာသူချည်း အသေအချာပြင်ဆင်လာသူချည်းဖြစ်သည်။ သို့သော် သုံးချင်သည့်နည်းလမ်းက တစ်ယောက်နှင့်တစ်ယောက်မတူနိုင်ကြ။ ပြဿနာက သည်မှစသည်။ တစ်ယောက်ကိုတစ်ယောက်လည်းအလျော့မပေးစတမ်းဖြစ်လာသောအခါ ခက်ကပြီ။
သက်ဆိုင်ရာနိုင်ငံ သက်ဆိုင်ရာ အမှုကို ကိုယ်တိုင်ကြုံတွေ့လာရသော လူပါလျှင်တော့ အဲသည်အဖွဲ့က ပိုဆိုးတော့သည်။ ခံယူချက် politic တစ်ခုခုအပေါ် passion ပြင်းထန်လာလေလေ ဖြေရှင်းရသည်မှာ လက်ဝင်ခက်ခဲလေလေ။ အဖြေကိုမသိကြသောကြောင့်မဟုတ်ပါ။ အဖြေများစွာကို သိနေပြီး အဖြေတစ်ခုခုအပေါ်မှာ သဘောတူညီဖို့ ဝန်လေးကြသောကြောင့်ဖြစ်သည်။ ကိုယ်ပိုင်အတ္တ များက ခံနေသည်ကိုး။
တစ်ယောက်တည်းလုပ်စဉ်က မြန်မြန်ပြီးသော အမှတ်ကောင်းကောင်းထွက်သော memo လေးတစ်စောင်ရဖို့ အခေါက်ခေါက် meeting ထိုင်ရသည်။ အတိုးအလျော့ အညှိအနှိုင်းတွေလုပ်ရသည်။ ပြောလိုက်ရသည်စကား။ ဖတ်လိုက်ရသည်စာ။ လူတိုင်းတွင် ကိုယ့်politics နဲ့ကိုယ်ဖြစ်သည်။
ဟေ့ ငါကသာ လူတွေအတွက်အကောင်းဆုံးလုပ်မှာမို့ (အမှတ်အကောင်းဆုံးရအောင်လုပ်ပေးနိုင်တာမို့) ငါခေါင်းဆောင်မယ် ငါ့စကားလူတိုင်းနားထောင်ရမယ် နားမထောင်နိုင်ရင်ထွက် ဆိုသလိုဖြစ်လာခဲ့လျှင် memo တစ်ခု အမှတ်ကောင်းကောင်းမြန်မြန်ထွက်လာပြီးတောင် ဒီအဖွဲ့ရဲ့ performance ကကျဆုံးခဲ့သည်ဆိုတာ ပါဝင်သူတွေ သိကြသည်။ ခံစားချက်မကောင်းပါ။
ူလူတိုင်းက တူညီသောရည်မှန်းချက်နှင့် ကိုယ်ပိုင် အယူအဆများနှင့်ဖြစ်သည်။ လူတိုင်းကစာဖတ်ထားသော confidence ကိုယ်စီနှင့်ဖြစ်သည်။ လူအားလုံးပါဝင်ရေးသော မီမိုတစ်စောင် အမှတ်အကောင်းဆုံးရဖို့ မလွယ်ရေးချမလွယ်တော့။ နဖူးတိုက် ဒူးတိုက် ရန်မဖြစ်ယုံတမယ် အဖွဲ့များရှိသည်။
ဆရာများကို complain တက်တော့ သင်းတို့က ရယ်ကျဲကျဲ။ မင်းတို့တွေ ရေးနေတဲ့ issue ကိုပဲမကြည့်ပါနဲ့။ သူငယ်ချင်းတွေနဲ့ အတူတူ အလုပ်လုပ်ရတဲအခိုက်အတန့်ကလေးတွေကို သေချာenjoy ပါဟူ၏။
ကျွန်မတို့ အသေအချာကို enjoyခဲ့ကြရပါသည်။
နောင်တော့ ဘယ်အချိန်ဦးဆောင်ပေးရမလဲ ဘယ်အချိန်နောက်လိုက်လုပ်သင့်သလဲ၊ ဘာတွေကို နားလည် ထည့်စဉ်းစားပေးရမလဲ လိုချင်တဲ့လမ်းပေါ်ကိုဘယ်လိုထိန်းတင်မလဲဆိုတာမျိုး စဉ်းစားလာရသည်။ မစဉ်းစားလျှင်အလုပ်ဘယ်လိုမှမဖြစ်တော့။ လူအားလုံးက မခေသူတွေဟုအနည်းဆုံးကိုယ့်ကိုယ်ကိုတော့ယူဆထားကြသူတွေချည်းကိုး။
နောင်တော့ ကိုယ်ဘာသာအုပ်စုဖွဲ့ခွင့်ပေးလာသောအခါ အလုပ်တွဲလုပ်ရန်ဖြစ်နိုင်သူအချင်းချင်း strategically ပေါင်းမိလာသည်။ ပိုပြီး အပေးအယူတည့်ကာ မြန်ဆန်ထိရောက်လာသည်။ ဒါကလက်တွေ့လောကအမှန်ဖြစ်ပါသည်။
သင်ယူခဲ့ရသည်က case များမှပေးသော အမှုတစ်ရာတင်မဟုတ်၊ အမှုတစ်ရာကိုဖြေရှင်းလို့ရမည့် နည်းလမ်းထောင်ပေါင်းများစွာတင်မဟုတ် ..
ကျွန်မတို့ တစ်ဦးချင်းစီရှိ အရေးပေါ်သောအခါ မြင်သာထင်သာလာသော ကိုယ်ပိုင်ပေါ်လတစ်များပါဖြစ်သည်။ ကိုယ်ပိုင် politics များကို သေချာမြင်လာစေပြီး နားလည် လက်ခံပေးနိုင်လာစေပြီး ultimate goal သို့ဦးတည်မှုကိုမပျောက်စေပဲ တရွေ့ရွေ့တိုးနိုင်စေဖို့ အလျော့အတင်းလုပ်နည်း ညှိနှိုင်းနည်း စည်းရုံးနည်း ဦးဆောင်နည်း များကို အုပ်စုပတ်လည်ပွဲများက လက်တွေ့သင်ယူသိမြင်စေမည့် အခွင့်လမ်းပေးပါသည်။
ရေမကူးချင်သော ရေမကူးတတ်သောသူများကို ရေကန်နက်ထဲပစ်ချသလို သင်ကြားနည်းမျိုးဖြစ်သည်။ ခုတော့ ချန်ပီယံလိုမကူးနိုင်ရင်တောင် မမြုပ်နိုင်သော အဆင့်တစ်ခုသို့ survive ဖြစ်ခဲ့ကြပြီထင်ပါသည်။
နောင်များမကြာမီ ကမ္ဘာအနှံ့ ကိုယ်သန်ရာ အလုပ်များဖြင့် ခြေဆန့်ကြဦးမည်။
အုပ်စုပတ်လည်ပွဲစဉ်များမှပေးသော အရသာများကိုတော့ တသသ ဖြစ်နေကြရတော့မည်မှာ အမှန်ပင်ဖြစ်ပါတော့သည်။ ။
Feb 19, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment